ဒါ ဒို့မြန်မာဘုန်းကြီး။

မြန်မာကို ကူညီရန် ကယ်ဆယ်ရေးအဖွဲ့များ အလုအယက် အားထုတ်နေ။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အစည်းများသည် နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရသော မြန်မာနိုင်ငံအား အကူအညီပေးရန် အလုအယက် ကြိုးပမ်း အားထုတ်လျှက်ရှိကြသည်။

ကုလသမဂ္ဂက အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အရေးပေါ် လူသားချင်း စာနာထောက်ထားသည့် အကူအညီများပေးပို့မည်ဖြစ်ကြောင်းနှင့် ရရှိလာသော သတင်းများအရ အလွန်ပင် စိုးရိမ်ပူပန်မိ သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ကုလသမဂ္ဂသည် ဗဟို အရေးပေါ် ရန်ပုံငွေထဲမှ ကယ်ဆယ် ရေးအတွက် ဒေါ်လာ သန်း (၃၀) အသင့် ပြင်ထားပြီး ဖြစ်သည်။

နိုင်ငံတကာ သဘာဝ ဘေးအန္တရာယ် တုန့်ပြန်ရေး (၅) ဦးပါအဖွဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန်အတွက် ဗီဇာစောင့်ဆိုင်းနေရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးအဖွဲ့ အရာရှိတဦးက ပြောသည်။

“နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ လိုအပ်မယ်ဆိုတာကတော့ ထင်ရှားနေတာပဲ။ ဒီတော့ လက် တွေ့မှာ ဘယ်လိုတွေ ဖြစ်ခဲ့လဲဆိုတာ ကျနော်တို့ အဖြေရှာဖို့လိုတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ နေရာ
တွေကလည်း သတင်းအချက်အလက် များများစားစား ထွက်မလာဘူး” ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားရေးလုပ်ငန်း ညှိနှိုင်းဆောင်ရွက်သူ ဒါရိုက်တာ ခါလီကော့ဗ်က ပြောသည်။

တဆက်တည်း၌ပင် အမေရိကန်ပြည်ထောင်စုက ကယ်ဆယ်ရေးအတွက် ဒေါ်လာ (၂၅၀,၀၀၀) အသင့်ပြင်ထားပြီး သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့စေလွှတ်ပေးရန် ကမ်းလှမ်းထား သော်လည်း စစ်အစိုးရက မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခွင့် မပြုသေးဟု အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ တွမ်ကေစီက ဆိုသည်။

မြန်မာ့အရေးကို တလျှောက်လုံး စိတ်ဝင်တစား ဖြစ်နေခဲ့သည့် အမေရိကန်သမ္မတကတော် လော်ရာ ဘုရှ်ကလည်း ထိုကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်ပေးရန် မြန်မာစစ်အစိုးရကို တိုက်တွန်းပြောဆို ထားသည်။

မြန်မာစစ်အစိုးရသည် လူထု၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပျက်ကွက်ကြောင်းနှင့်၊ မုန်တိုင်း ကျရောက်မည်ကို ကြိုတင်သိလျက်နှင့် လူထုကို ထိထိရောက်ရောက် ကြိုတင်သတိ ပေးရန် ပျက်ကွက်ခဲ့သည့်အတွက် လော်ရာဘုရှ်က ပြစ်တင်ပြောကြားခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းပေါင်းစုံမှ ကယ်ဆယ်ရေး ထောက်ပံ့မှုများ ပို့ဆောင်ရန် အသင့်ဖြစ်နေကြ ပြီဖြစ်သည်။ မြန်မာကြက်ခြေနီအဖွဲ့က အိမ်သုံးဆေးဝါးပစ္စည်းဗူးများကို စတင် ဖြန့်ဝေနေပြီဖြစ်ပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် လခြမ်းနီအဖွဲ့အစည်းများကလည်း အိမ်သုံးဆေးဝါးဗူး (၂,၀၀၀) နှင့် ယာယီတဲ (၂,၀၀၀) တို့ကို လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေလျှင် ပြေချင်း သွားရောက် ပို့ဆောင်မည်ဟု ဆိုသည်။

ဗြိတိသျှ ကြက်ခြေနီအဖွဲ့က ထောက်ပံ့ငွေ ဒေါ်လာ (၆၀,၀၀၀)၊ အမေရိကန် အခြေစိုက် World Vision က ဒေါ်လာ (၃) သန်း လှူဒါန်းရန် အဆိုပြုထားပြီး မုန်တိုင်းဒဏ်ခံရသည့် နေရာများ သို့လည်း ကယ်ဆယ်ရေး အသင်းတသင်း ပို့ဆောင်ရန် စီစဉ်ထားသည်ဟု ပြောရေးဆိုခွင့်ရှိသူ ကေစီကလာမူဆကပြောသည်။

၎င်းက “အကြီးမားဆုံး လိုအပ်ချက်ကတော့ မုန်တိုင်းဒဏ် ခံရတဲ့ လူ (၂) သန်းအတွက် ရေလိုအပ် တာပါပဲ” ဟု ပြောသည်။ အကြောင်းမှာ မြန်မာပြည်တွင် ရေသန့်စင်သည့်စနစ် ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားသေးသောကြောင့်ဖြစ်သည်။

တခြားကယ်ဆယ်ရေးအဖွဲ့တဖွဲ့ဖြစ်သည့် Church World Service ကလည်း ဒုက္ခသည်များ အတွက် ဒေါ်လာ (၅၀,၀၀၀) ကူညီရန် ကမ်းလှမ်းထားသည်။

သို့ရာတွင် စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အစိုးရတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ဘဲ နိုင်ငံ တကာမှ ကမ်းလှမ်းသည့် အကူအညီများကို လက်ခံရန် လိုလိုလားလားမရှိဟု စစ်အစိုးရကို ဝေဖန်သည့် ဝေဖန်ရေးသမား တယောက်က ပြောကြားသည်။

ဝါရှင်တန် အခြေစိုက် Asia Society အဖွဲ့ဝင်တဦးဖြစ်သူ တီယွန်ကွက“နိုင်ငံတကာ အသိုင်း
အ၀ိုင်းရဲ့ စေတနာရက်ရောမှုကို မြန်မာပြည်သူပြည်သားတွေ သိလာမှာပါ။ ဒီစေတနာတွေက စစ်အစိုးရရဲ့ အာဏာကို လုံးဝ သိက္ခာချလိုက်တာကိုး” ဟု ပြောသည်။
ှSource: CNN/KP

ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ အနည်းဆုံး လူ (၁) သောင်းခွဲ သေဆုံး။

ပြီးခဲ့သည့်စနေနေ့က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ အနည်းဆုံး လူ (၁၅, ၀၀၀) သေဆုံးသည်ဟု အာဏာပိုင်တို့၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တခုတည်း၌ပင် သေဆုံးသူ သောင်းဂဏန်းရှိနိုင်ပြီး လပွတ္တာ မြို့နယ်၌ ထောင်ဂဏန်းသေဆုံးမည်ဟု အာဏာပိုင်တို့က ခန့်မှန်းထားသည်။

အစိုးရ ထုတ်ပြန်သည့် အစောပိုင်း ကိန်းဂဏန်းများအရ ဧရာဝတီတိုင်း၌ (၃,၈၈၀) ဦး သေဆုံးပြီး (၂,၃၇၅) ဦး ပျောက်ဆုံးနေကြောင်း ရန်ကုန်တိုင်း၌ (၅၉) ဦး သေဆုံးပြီ (၅၀၄) ဦး ပျောက်ဆုံးနေ သည်ဟု သိရသည်။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ နှစ်ခုစလုံးတွင် သေဆုံးသူစုစုပေါင်း (၃,၉၃၉) ဦးနှင့် ပျောက်ဆုံး နေသူ (၂,၈၇၉) ဦး ရှိသည်ဟု ယမန်နေ့ ညက မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားသည်။

မော်ကျွန်း၌ (၁,၈၃၅) ဦး သေဆုံးကာ (၂,၁၈၇) ပျောက်ဆုံးနေကြောင်း ဟိုင်းကြီးကျွန်း၌ (၉၇၆) ဦး သေဆုံးပြီး (၂၅၃) ဦး ပျောက်ဆုံးကြောင်းနှင့် အိမ်ခြေ (၂) သောင်းကျော် ပျက်စီးသွားကာ လူပေါင်း (၉) သောင်းကျော် အိုးအိမ်မဲ့ ဖြစ်သွားသည်ဟု သိရသည်။

မုန်တိုင်းဘေးဒုက္ခ ခံနေရသူတို့အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာ အဖွဲ့အစည်းများကို မြန်မာစစ်အစိုးရက စတင်ခွင့်ပြုလိုက်ပြီဖြစ်သည်။

Source: KP

မုန်တိုင်းဘေး ဒုက္ခသည်များအတွက် စင်ကာပူရောက်မြန်မာများ စိုးရိမ်။

ုမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသူများသည် အစားအသောက်နှင့် ရေပြဿနာ အကြီးအကျယ် ကြုံနေရပြီး ကယ်ဆယ်ရေး လုပ်ငန်းများနှင့် အကူအညီ ပေးရေးလုပ်ငန်းများ ယခုတိုင် မစတင်နိုင်သေးသဖြင့် ပြည်ပရောက် မြန်မာအသိုင်းအ၀ိုင်းက စိုးရိမ်နေကြသည်။
ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်း (၅) ဆမှ (၁၀) ဆအထိ ထိုးတက်သွားပြီး အစားအသောက် ရှားပါးမှုကြောင့် သာကေတ၊ ဒလ၊ ညောင်ပင်လေးဈေးဘက်တွင် လုယက်မှုများ ဖြစ်ပေါ်နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဦးမြင့်စိုးက ပြောသည်။

ဦးမြင့်စိုးက "ရန်ကုန်မှာ အစားအသောက်ဈေးတွေ တက်ကုန်ပြီး၊ ကားတွေမထွက်နိုင်ဘူး၊ ဒီနေ့ မနက်မှ ပြန်ထွက်တယ်၊ ဓာတ်ဆီဈေးက (၅) ထောင်ကနေ တသောင်းခွဲကို ခုန်တက်သွားတယ်၊ ကားက ဟိုနားဒီနား ၃၀၀။ ၅ မှတ်တိုင်လောက်ဆို ၅၀၀။ အဲဒီထက်များရင် တထောင်၊ စီအန်ဂျီတွေ မပေးနိုင်ဘူး၊ ဘဲဥ တလုံးဆို ၃၀၀၊ ဆန်က ရောင်းမယ့်လူ မရှိဘူး၊ အငတ်ဘေးလည်း ဖြစ်လာတော့၊ တမြို့လုံး အတိုင်းအတာနှင့် အတော်ကြီးတယ်၊ အခုချိန်ထိ ဒဂုံမြို့သစ်။ ဒဂုံ တက္ကသိုလ်တို့မှာ ရေမြုပ်နေတုန်းပဲ" ဟုပြောသည်။

သောက်ရေရှားပါးမှုကြောင့် ဂျိုးဖြူရေနှင့် မီးသတ်ပိုက်များကို ဖောက်ယူနေကြသည်ဟု သူက ဖြည့်စွက် ပြောကြားသည်။
စင်ကာပူတွင်လည်း လေဘေး ဒုက္ခသည်များကို အကူအညီပေးရေးအတွက် စင်္ကာပူတွင် ဖွဲ့ထားသော ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ အကူငွေများ စုဆောင်းနေလျက် ရှိသည်။

စင်ကာပူနိုင်ငံရှိ ပြည်ပရောက် မျိုးချစ်မြန်မာ အဖွဲ့သားများမှ အလှုငွေများ စတင် ကောက်ခံမည်ဖြစ်ရာ တယ်လီဖုန်း မက်ဆေ့ခ်ျများ စင်္ကာပူကျွန်းတခုလုံးမှာ ဖြန့်နေကြောင်း စင်ကာပူ အသိုင်းအ၀ိုင်းက ပြောသည်။

အလှူငွေများကို ပင်နီဇူလား ပလာဇာ (Peninzula Plza) ရှိ လင်းလက် ရောင်းဝယ်ရေး (၂- လွှာ)၊ စင်မြန်မာ လေယာဉ် လက်မှတ် အရောင်းဆိုင် (၃- လွှာ)၊ သပြေနု ရောင်းဝယ်ရေး (၄-လွှာ) နှင့် လမ်းပြကြယ် စာကြည့်တိုက် (၅-လွှာ) တို့တွင် လက်ခံလျက် ရှိသည်။ ကောက်ခံရရှိငွေများ အားလုံးကို မြန်မာနိုင်ငံတွင်းရှိ နာရေးကူညီမှု အသင်းကြီးတခုကို လွှဲပေးမည် ဖြစ်ကြောင်းသိရသည်။

စင်္ကာပူရှိ ပြည်ပရောက် မျိုးချစ်မြန်မာ အဖွဲ့သားများ အဖွဲ့တွင် စင်္ကာပူရောက် မြန်မာကျောင်းသား လူငယ်များနှင့် မြန်မာ့အရေး တက်ကြွသူများနှင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။
Ref: mizzima

အင်းစိန်ထောင် မီးလောင် ၃၆ ဦးသေ၊ ၇၀ ဒါဏ်ရာရ။

နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန် အကျဉ်းထောင်တွင် စနေနေ့က မီးလောင်မှု ဖြစ်ပွားပြီး အဓိကရုဏ်း ဖြစ်ပွားရာ လူ ၃၆ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရသွားခဲ့သည်။

အကျဉ်းထောင် အတွင်းရှိ နှစ်ထပ်ဆောင် အဆောင် ၁ တွင် စနေနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားရာ အပေါ်ထပ် ပြိုကျပြီးနောက် ထောင်လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ်မှု ဖြစ်ခဲ့သည်။ အကျဉ်းထောင်ထဲရှိ အဆောင်တခုလျှင် အနည်းဆုံး အကျဉ်းသား ၁၅၀၀ ရှိသည်။

"လေတိုက်ပြီးတော့ မိုးတွေ ရွာနေတဲ့အခါမှာ အကျဉ်းသားတွေ မနက်အစောကြီး မီးလှုံတဲ့ အခါမှာ လေတိုက်ပြီးတော့ အိပ်ဆောင် မီးကူးတယ်၊ မီးကူးတဲ့ အခါမှာ ထောင်အာဏာပိုင်တွေ ရောက်လာတယ်။ ၀န်ထမ်းတွေ ရောက်လာတယ်အခါ ထောင်သားတွေက ထွက်ပြေးတယ်။ ထွက်ပြေးတော့ ထောင်အာဏာပိုင်တွေက မီးကို မငြိမ်းသတ်ဘဲနဲ့ အကျဉ်းသားတွေကို ပစ်ခတ်တာ" ဟု ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ကိုတိတ်နိုင်က ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခိုက်သည့် စနေနေ့တွင် ထောင်မီးလောင်သည့် သတင်း ထွက်ပေါ်ခဲ့သော်လည်း ယနေ့မှသာ ထောင်ဝင်စာ တွေ့ခွင့်ရ၍ သတင်း ခိုင်ခိုင်လုံလုံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထောင်အာဏာပိုင်များ၏ ဆူပူမှုကို ကိုင်တွယ်ပုံကို ကိုတိတ်နိုင်က ဝေဖန်လိုက်သည်။

"ပုံမှန်အားဖြင့်တော့ အာဏာပိုင်တွေဟာ မီးလောင်ရင်တော့ မီးသတ်ပေးဖို့ တာဝန်ရှိတယ်လေ။ ထောင်သားတွေ ဆူပူလာရင်လည်း စနစ်တကျ ပြန်သွင်းပေးရမှာ။ အခုတော့ သူတို့က ပစ်ခတ်လို့ သေတာက များနေတယ်။" ဟု သူက ပြောသည်။

အင်းစိန် အကျဉ်းထောင်အနီး နေထိုင်သူများမှာ မီးခိုးလုံးများ ထွက်ပေါ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး သေနတ်သံများ ကျယ်ကျယ်လောင်လောင် ကြားခဲ့ကြသည်။

အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်ဖွယ် မရှိဟု ထောင်အနီး နေသူတဦးက ပြောသည်။

ထောင်အဓိကရုဏ်းကြောင့် ထောင်ကျခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ မိသားစုဝင်များ စိုးရိမ်တကြီးဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေခဲ့ကြသည်။

သို့သော် သေဆုံး၊ ဒဏ်ရာရသူများတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်းမရှိဟု အေအေပီပီက ပြောသည်။
Source: Mizzima