ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ အနည်းဆုံး လူ (၁) သောင်းခွဲ သေဆုံး။

ပြီးခဲ့သည့်စနေနေ့က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ အနည်းဆုံး လူ (၁၅, ၀၀၀) သေဆုံးသည်ဟု အာဏာပိုင်တို့၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တခုတည်း၌ပင် သေဆုံးသူ သောင်းဂဏန်းရှိနိုင်ပြီး လပွတ္တာ မြို့နယ်၌ ထောင်ဂဏန်းသေဆုံးမည်ဟု အာဏာပိုင်တို့က ခန့်မှန်းထားသည်။

အစိုးရ ထုတ်ပြန်သည့် အစောပိုင်း ကိန်းဂဏန်းများအရ ဧရာဝတီတိုင်း၌ (၃,၈၈၀) ဦး သေဆုံးပြီး (၂,၃၇၅) ဦး ပျောက်ဆုံးနေကြောင်း ရန်ကုန်တိုင်း၌ (၅၉) ဦး သေဆုံးပြီ (၅၀၄) ဦး ပျောက်ဆုံးနေ သည်ဟု သိရသည်။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ နှစ်ခုစလုံးတွင် သေဆုံးသူစုစုပေါင်း (၃,၉၃၉) ဦးနှင့် ပျောက်ဆုံး နေသူ (၂,၈၇၉) ဦး ရှိသည်ဟု ယမန်နေ့ ညက မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားသည်။

မော်ကျွန်း၌ (၁,၈၃၅) ဦး သေဆုံးကာ (၂,၁၈၇) ပျောက်ဆုံးနေကြောင်း ဟိုင်းကြီးကျွန်း၌ (၉၇၆) ဦး သေဆုံးပြီး (၂၅၃) ဦး ပျောက်ဆုံးကြောင်းနှင့် အိမ်ခြေ (၂) သောင်းကျော် ပျက်စီးသွားကာ လူပေါင်း (၉) သောင်းကျော် အိုးအိမ်မဲ့ ဖြစ်သွားသည်ဟု သိရသည်။

မုန်တိုင်းဘေးဒုက္ခ ခံနေရသူတို့အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာ အဖွဲ့အစည်းများကို မြန်မာစစ်အစိုးရက စတင်ခွင့်ပြုလိုက်ပြီဖြစ်သည်။

Source: KP

No comments: