မြန်မာကို ကူညီရန် ကယ်ဆယ်ရေးအဖွဲ့များ အလုအယက် အားထုတ်နေ။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အစည်းများသည် နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရသော မြန်မာနိုင်ငံအား အကူအညီပေးရန် အလုအယက် ကြိုးပမ်း အားထုတ်လျှက်ရှိကြသည်။

ကုလသမဂ္ဂက အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အရေးပေါ် လူသားချင်း စာနာထောက်ထားသည့် အကူအညီများပေးပို့မည်ဖြစ်ကြောင်းနှင့် ရရှိလာသော သတင်းများအရ အလွန်ပင် စိုးရိမ်ပူပန်မိ သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ကုလသမဂ္ဂသည် ဗဟို အရေးပေါ် ရန်ပုံငွေထဲမှ ကယ်ဆယ် ရေးအတွက် ဒေါ်လာ သန်း (၃၀) အသင့် ပြင်ထားပြီး ဖြစ်သည်။

နိုင်ငံတကာ သဘာဝ ဘေးအန္တရာယ် တုန့်ပြန်ရေး (၅) ဦးပါအဖွဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန်အတွက် ဗီဇာစောင့်ဆိုင်းနေရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးအဖွဲ့ အရာရှိတဦးက ပြောသည်။

“နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေ လိုအပ်မယ်ဆိုတာကတော့ ထင်ရှားနေတာပဲ။ ဒီတော့ လက် တွေ့မှာ ဘယ်လိုတွေ ဖြစ်ခဲ့လဲဆိုတာ ကျနော်တို့ အဖြေရှာဖို့လိုတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ နေရာ
တွေကလည်း သတင်းအချက်အလက် များများစားစား ထွက်မလာဘူး” ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားရေးလုပ်ငန်း ညှိနှိုင်းဆောင်ရွက်သူ ဒါရိုက်တာ ခါလီကော့ဗ်က ပြောသည်။

တဆက်တည်း၌ပင် အမေရိကန်ပြည်ထောင်စုက ကယ်ဆယ်ရေးအတွက် ဒေါ်လာ (၂၅၀,၀၀၀) အသင့်ပြင်ထားပြီး သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့စေလွှတ်ပေးရန် ကမ်းလှမ်းထား သော်လည်း စစ်အစိုးရက မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခွင့် မပြုသေးဟု အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ တွမ်ကေစီက ဆိုသည်။

မြန်မာ့အရေးကို တလျှောက်လုံး စိတ်ဝင်တစား ဖြစ်နေခဲ့သည့် အမေရိကန်သမ္မတကတော် လော်ရာ ဘုရှ်ကလည်း ထိုကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်ပေးရန် မြန်မာစစ်အစိုးရကို တိုက်တွန်းပြောဆို ထားသည်။

မြန်မာစစ်အစိုးရသည် လူထု၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပျက်ကွက်ကြောင်းနှင့်၊ မုန်တိုင်း ကျရောက်မည်ကို ကြိုတင်သိလျက်နှင့် လူထုကို ထိထိရောက်ရောက် ကြိုတင်သတိ ပေးရန် ပျက်ကွက်ခဲ့သည့်အတွက် လော်ရာဘုရှ်က ပြစ်တင်ပြောကြားခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းပေါင်းစုံမှ ကယ်ဆယ်ရေး ထောက်ပံ့မှုများ ပို့ဆောင်ရန် အသင့်ဖြစ်နေကြ ပြီဖြစ်သည်။ မြန်မာကြက်ခြေနီအဖွဲ့က အိမ်သုံးဆေးဝါးပစ္စည်းဗူးများကို စတင် ဖြန့်ဝေနေပြီဖြစ်ပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် လခြမ်းနီအဖွဲ့အစည်းများကလည်း အိမ်သုံးဆေးဝါးဗူး (၂,၀၀၀) နှင့် ယာယီတဲ (၂,၀၀၀) တို့ကို လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေလျှင် ပြေချင်း သွားရောက် ပို့ဆောင်မည်ဟု ဆိုသည်။

ဗြိတိသျှ ကြက်ခြေနီအဖွဲ့က ထောက်ပံ့ငွေ ဒေါ်လာ (၆၀,၀၀၀)၊ အမေရိကန် အခြေစိုက် World Vision က ဒေါ်လာ (၃) သန်း လှူဒါန်းရန် အဆိုပြုထားပြီး မုန်တိုင်းဒဏ်ခံရသည့် နေရာများ သို့လည်း ကယ်ဆယ်ရေး အသင်းတသင်း ပို့ဆောင်ရန် စီစဉ်ထားသည်ဟု ပြောရေးဆိုခွင့်ရှိသူ ကေစီကလာမူဆကပြောသည်။

၎င်းက “အကြီးမားဆုံး လိုအပ်ချက်ကတော့ မုန်တိုင်းဒဏ် ခံရတဲ့ လူ (၂) သန်းအတွက် ရေလိုအပ် တာပါပဲ” ဟု ပြောသည်။ အကြောင်းမှာ မြန်မာပြည်တွင် ရေသန့်စင်သည့်စနစ် ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားသေးသောကြောင့်ဖြစ်သည်။

တခြားကယ်ဆယ်ရေးအဖွဲ့တဖွဲ့ဖြစ်သည့် Church World Service ကလည်း ဒုက္ခသည်များ အတွက် ဒေါ်လာ (၅၀,၀၀၀) ကူညီရန် ကမ်းလှမ်းထားသည်။

သို့ရာတွင် စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အစိုးရတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ဘဲ နိုင်ငံ တကာမှ ကမ်းလှမ်းသည့် အကူအညီများကို လက်ခံရန် လိုလိုလားလားမရှိဟု စစ်အစိုးရကို ဝေဖန်သည့် ဝေဖန်ရေးသမား တယောက်က ပြောကြားသည်။

ဝါရှင်တန် အခြေစိုက် Asia Society အဖွဲ့ဝင်တဦးဖြစ်သူ တီယွန်ကွက“နိုင်ငံတကာ အသိုင်း
အ၀ိုင်းရဲ့ စေတနာရက်ရောမှုကို မြန်မာပြည်သူပြည်သားတွေ သိလာမှာပါ။ ဒီစေတနာတွေက စစ်အစိုးရရဲ့ အာဏာကို လုံးဝ သိက္ခာချလိုက်တာကိုး” ဟု ပြောသည်။
ှSource: CNN/KP

1 comment:

Anonymous said...

"မြန်မာကို ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း လုပ်ရန်ကယ်ဆယ်ရေးအဖွဲ့များ အလုအယက် အားထုတ်နေသည်" ဆိုရင် ပိုမှန်ပါတယ်...။