သွားပိုးပေါက် အချိန်မီ မဖာထေးလျှင် အသက်အန္တရာယ် ရှိနိုင် ။


အံဆုံးပေါက်ခြင်း၊ သွားပိုးစားပြီး သွား၌ အပေါက် ပေါက်ခြင်း တို့ကို အချိန်မီ ပြုပြင်ဖာထေးခြင်း မပြုပါက အသက် အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်နိုင်ကြောင်း ရန်ကုန်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခနှင့် ဌာနမ·း ဒေါက်တာ ဦးကိုကိုမောင်က ဆိုသည်။
“သွားပိုးပေါက်ဖြစ်နေတာကို အချိန်မီ မဖာထေးဘူးဆိုရင် သွားပိုးက အမြစ်ထိပ်ကနေ မေးရိုးဖောက်ပြီး လည်ပင်း အောက်မှာရှိတဲ့ ကြွက်သားမျှင်ထဲကို ၀င်သွားတယ်။ ဒီလို ၀င်သွားရင် ပိုးတွေ ကထုတ်တဲ့ အင်ဇိုင်းဓာတ်ကြောင့် တစ်ခုနဲ့တစ်ခုကပ်နေတဲ့ ကြွက်သား ဆဲလ်တွေကွာသွားပြီး အဆိပ်တွေက အထဲကို ပြန့်ဝင်သွားတယ်။ အဲဒီလို အဆိပ် တွေပြန့်သွားရင် မေးရိုးအောက်၊ လျှာအောက်တွေမှာ ရောင်လာပြီး လည်ပင်းက သစ်သားလိုမာလာတယ်။ လျှာ အောက်ကို ပိုးက ၀င်တဲ့အတွက် လျှာက အပေါ်မြင့် တက်လာပြီး ရေ မသောက်နိုင်၊ အသက်မရှူနိုင်တဲ့ အဆင့်ကိုရောက်ပြီးအသက်ဆုံးသွားနိုင်တယ်”ဟု ၎င်းင်းက ရှင်းပြသည်။

အံဆုံးပေါက်မည့်နေရာတွင်လည်း သွားဖုံးအသားက အုပ်နေသည့်အတွက် အတွင်း၌ ပိုးဝင်ရောက်နေတတ်ပြီး ပိုးက အောက်ခြေဆင်းကာ နေရာအနှံ့ ပိုမိုပျံ့နှံ့လွယ်ကြောင်း ပြောသည်။

ထိုကဲ့သို့ သွားပိုးပေါက်ခြင်း၊ အံဆုံး ပေါက်ခြင်းမှတစ်ဆင့် ပိုးပျံ့နှံ့ခြင်းသည် ဆီးချိုရောဂါသည်များနှင့် ကိုယ်ခံအား ကျနေသူများတွင် ပိုမိုဖြစ်လွယ်ကြောင်း ဒေါက်တာဦးကိုကိုမောင်က ပြောသည်။

“ကျွန်တော်တို့ လူမျိုးတွေက သွားကို ဂရုမစိုက်ဘူး။ ပိုးပေါက်နေတဲ့သွားက ကျဉ်နေပြီ၊ နာနေပြီဆိုတာတောင် ဂရု မစိုက်ကြဘဲ ဆေးမြီးတိုနဲ့ကုတော့ အခု လိုဖြစ်ကြရတာ”ဟု ၎င်းက ပြောသည်။
Source: MMTimes

No comments: