ကမ်းလင့်နေတဲ့ ဂီတလက်များ။


“ပြဇာတ်တစ်ပုဒ်လို ... ခဏအချိန် ကလေးအတွင်းမှာ .. ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား ..ကြိုးစားပြီး ဒို့ဆောက်တည်ခဲ့သမျှဟာ .. အခုတော့ နံဘေးမှာ ဖိတ်စဉ်ေုကွကျ .. ရေပြင်ကြီးရဲ့ရက်စက်မှုမှာ အရာရာ အသစ်က စရမလား .. ပိုင်ဆိုင်သမျှ ငါတို့ဘ၀ဟာ .. မတည်မြဲခြင်းတရား တဲ့လား ..”

ယုဇနပလာဇာရဲ့ ခေါင်မိုးပေါ်မှာ လွင့်ပျံနေတဲ့ တေးသံနဲ့အတူ အဖြူနဲ့ အနက် ဆင်တူဝတ်ဆင်ထားတဲ့ အဆို တော်တွေရဲ့ မျက်ဝန်းတွေက ရီဝေနေပါတယ်။

ကိုယ့်အလှည့် သီဆိုပြီးသွားတဲ့ ဇော်ပိုင်၊ ချောစုခင်နဲူ့လွန်းဝါ တို့ရဲ့ မျက်နှာတွေမှာလည်း ကြေကွဲရိပ်တွေ သန်းနေတုန်း။

ဒါ .. “ကမ်းလင့်မယ့်လက်များ” ဆိုတဲ့ သီချင်းလေးရဲ့ အမ်တီဗီရိုက်ကွင်းမှာပါ။

အဆိုတော် ၂၂ ယောက် ပါဝင်ကူညီ သီဆိုထားပြီး ခုနစ်မိနစ်နဲ့ ခြောက်စက္ကန့် တိတိကြာတဲ့ ဒီသီချင်းလေးကို လေမုန် တိုင်းဒဏ်ခံစားခဲ့ရသူတွေအတွက် စာနာ ကြေကွဲစိတ်နဲ့ ခင်မောင်သန့်၊ ရယ်ဂျီနဲ့ ငယ်ဆူးသစ်တို့က ခံစားရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

ဟယ်ရီလင်း၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ ဇော်ပိုင်၊ အာဇာနည်၊ ဘိုဖြူ၊ မောင်မောင်ဇော်လတ်၊ အယ်လွန်းဝါ၊ ထွန်း၊ နောနော်၊ သအို၊ ချောစုခင်၊ တင်ဇာမော်၊ လေးလေးဝါး၊ သီရိဂျေ မောင်မောင်၊ ဆုန်သင်းပါရ်၊ ချစ်သုဝေ၊ ကြိုးကြာ၊ ဇမ်နူးနဲ့ စင်ဒီတို့က ခံစားသီဆို ထားပါတယ်။


ဒုက္ခခံစား နေကြရသူများနဲ့ ထပ်တူ ကြေကွဲလျက်။
ဒီ အမ်တီဗီ ဆင်ဂယ်လ်ကို အနုပညာ မောင်နှမတွေက လေဘေးဒဏ်ခံရသူ တွေကို ကူညီရေးအတွက် ဘာအခ ကြေးငွေမှမယူဘဲ အစအဆုံးကြိုးပမ်း ထားတာဖြစ်ပါတယ်။

“တင်ဇာမော်ဆိုရင် နိုင်ငံခြားမှာ ရောက်နေတာ။ ဒါပေမယ့် ဒီကနေ သီချင်းလှမ်းပို့ပေးပြီး သူဆိုရမယ့်နေရာမှာ ဆိုတာပေါ့။ ပြီးမှ ပြန်ပေါင်းခဲ့တာ” လို့ ဒီသီချင်းရဲ့အတီးပိုင်းကို တစ်ယောက် တည်းစီစဉ်တီးခတ်ခဲ့တဲ့ ကိုခင်မောင်သန့် က ပြောပါတယ်။

ခရီးလွန်နေလို့ ဒီနေ့ ရိုက်ကွင်းမှာ မပါခဲ့တဲ့ ၀ိုင်ဝိုင်း၊ တင်ဇာမော်၊ ဆုန်သင်းပါရ်၊ သအိုတို့ရဲ့ အရုပ်တွေ ကိုလည်း ပြန်ပေါင်းထည့်သွားမှာမို့ အယ်လ်ဘမ်ထဲမှာ အဆိုတော် ၂၂ ယောက်စလုံးကို မြိုင်မြိုင်ဆိုင်ဆိုင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သူ ငယ်ငယ်က နေခဲ့တဲ့ မွေးရပ်မြေ သက်ကယ်သောင်ကျွန်း ရွာကလေးလည်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့အထဲမှာ ပါတယ်လို့ ပြောတဲ့ အဆိုတော် ဇော်ပိုင် က သီချင်းနဲ့ပတ်သက်ပြီး ဒီလို ပြောပြပါ သေးတယ်။

“အရင်ကတည်းက စိတ်ကူးတော့ ရှိထားသလို အခု ကိုခင်မောင်သန့်တို့က လေဘေးဒုက္ခသည်တွေကို အားပေး ကူညီဖို့ စီစဉ်တဲ့သီချင်းမှာ အသံနဲ့ ဒါနပြု ခွင့်ရလိုက်တာပါ။ ဆိုရင်းနဲ့လည်း အရမ်း ၀မ်းနည်းရပါတယ်” လို့ ဇော်ပိုင်က ပြောပါတယ်။

မုန်တိုင်းတိုက်ချိန်မှာ အဝေးပြေးကားပေါ်မှာ ပိတ်မိနေတဲ့ ဟန်ထွန်းကတော့ ကိုယ့်မှာရှိတဲ့ အနုပညာနဲ့ ကူညီခဲ့တာ ပါတဲ့။ ပရိသတ်ကြီးကလည်း ထပ်တူ ခံစားနိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါ တယ်။

အဆိုတော် ဇမ်နူးကတော့ “ အားလုံး ဟာ သူတို့နဲ့ထပ်တူ ၀မ်းနည်းကြေကွဲကြတယ်ဆိုတာကိုလည်း ဒုက္ခရောက်ခဲ့ ရတဲ့သူတွေကို သိစေချင်တယ်။ ကယ်ဆယ်ရေးသွားတုန်းကလည်း မိသားစုနဲ့ ကွဲကွာခဲ့ကြတဲ့သူတွေ တွေ့တယ်လေ။ သူတို့ကို အားပေးနေတဲ့သူတွေ ရှိတယ် ဆိုတာကိုသိပြီး ၀မ်းသာစေချင်ပါတယ်” လို့ ဇမ်နူးက ပြောပါတယ်။

ဒီဆင်ဂယ်လ်အယ်လ်ဘမ်ကို ဖြန့်ချိတဲ့အခါမှာလည်း ဖြန့်ချိရေးအားလုံးကို အကူအညီတောင်းခံပြီး ဖြန့်ချိသွားမယ် လို့ ပါဝင်စီစဉ်သူတစ်ယောက်ဖြစ်တဲ့ ဦးကိုကိုလွင်က ပြောပါတယ်။

ဒီ အမ်တီဗီကို အခကြေးငွေ မယူဘဲ ဒါရိုက်တာ ပီတာက စီစဉ်ရိုက်ကူးပေးထားပြီး ဇူလိုင်လအတွင်းမှာ ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ကမ်းလင့်မယ့်လက်များ”ကို ပရိသတ် တွေရဲ့ရင်ထဲရောက်အောင် အနုပညာရှင်တွေကတော့ ရင်နှင့်အမျှ ခံစား ဖန်တီးထားပါပြီ။ ပရိသတ်တွေကလည်း မူရင်းခွေကို ၀ယ်ယူနားဆင်ပြီး ကမ်းလင့်ကူညီကြပါဦးလို့။
Source: MMtimes

No comments: