မာဒေးကားဖလားပြိုင်ပွဲ ချန်ပီယံ မြန်မာအသင်းနိုင်ပွဲဆက်

၃၉ ကြိမ်မြောက် မာဒေးကားဖလားဘောလုံးပြိုင်ပွဲကို ဩဂုတ် ၂၂ ရက်နေ့က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ မြန်မာက အိမ်ရှင် မလေးရှားကို ၂-၁ ဂိုးဖြင့်ထပ်မံအနိုင်ရရှိသွားပြီး အကြှိုဗိုလ်လုပွဲသို့တက်ရောက်ရန် သေချာသွားပြီဖြစ်သည်။

မြန်မာနှင့် မလေးရှားတို့အုပ်စု ဒုတိယပွဲစဉ်တွင် မြန်မာအသင်းအတွက် ဂိုးများကို ပထမပိုင်း ၄၁ မိနစ်တွင် အောင်မျိုးသန့်နှင့် ဒုတိယပိုင်း ၆ မိနစ်တွင် ရန်ပိုင်တို့က တစ်ဂိုးစီသွင်းယူခဲ့ခြင်းဖြစ်သည်။

မလေးရှားတို့ နှစ်ဂိုးပြတ်ရှုံးနေရာမှ ချေပဂိုးရရေးအရှိန်မြှင့် တိုက်စစ်ဆင်ကစားလာရာ ၆၉ မိနစ်တွင်မို့ဒ်ဇာကွန်းအာဒါက ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့သည်။

ပထမပိုင်း မိနစ် ၄၀ တွင် မလေးရှားတိုက်စစ်မှူး မို့ဒ်ဆာဖီဆာလီက မြန်မာခံစစ်မှူး ဇော်လင်းထွန်း အားကြမ်းတမ်းစွာ လူချကစားသဖြင့် ထိုင်းကွင်းလယ်ဒိုင်လူကြီး ချိုင်ယာအလီမာဟာပက်က တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ရာ မလေးရှားတို့ ၁၀ ယောက်ဖြင့်ကစားသွားရသည်။

မြန်မာအသင်းသည် အုပ်စု(က)တွင် လာအိုနှင့်ကစားရန် တစ်ပွဲကျန်သေးသော်လည်း၂ ပွဲနိုင် ၆ မှတ်ဖြင့် အကြိုဗိုလ်လုပွဲသို့တက်ရန် သေချာသွားပြီဖြစ်သည်။

မြန်မာအသင်းသည် ဩဂုတ် ၂၅ ရက်တွင် လာအိုနှင့် အုပ်စုနောက်ဆုံးပွဲစဉ်ကစားရမည်ဖြစ်သည်။

အုပ်စု (က) အခြားပွဲစဉ်တွင် လီဆိုသိုက လာအိုကို ၃-၁ ဂိုးဖြင့်အနိုင်ရသွားသည်။လီဆိုသိုက ပထမပိုင်းမှာပင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

Source: Phatpa

No comments: