ကျော်တော့လှေသူကြီး ညားတော့ လှေထိုးသား။
ကျနော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ် အပိုင်း(၇)။
ဒီနေ့ ရုံးသို့ရောက်တာနဲ့ ဘဏ်ခွဲအသစ်ဖွင့်ရန်အတွက် လိုအပ်သော ကွန်ပျူတာ၊ နှင့် ဆက်စပ် ပစ္စည်းများကို စာရင်းလုပ်ရတော့သည်။ လိုအပ်သည်များကို ၀ယ်ခိုင်းပြီး၊ ရှိနှင့်ပြီးသား ပစ္စည်းများကိုလည်း ပြင်ဆင်ရသည်။ ထမင်းစားသွားတော့ မြောင်းမြက လူများနှင့်တွေ့ပြန်သည်။ ဒါနဲ့ပဲ သူတို့ က တစ်ယောက်ထဲလားလို့ လှမ်းမေးသည်။ ` ဟုတ်တယ်´ လို့ပြန်ဖြေတော့ သူတို့တွေ ကျနော်ထိုင်နေသည့် ၀ိုင်းသို့ကူးလာသည်။
`ည က ကျနော်အိမ်ကို ဘယ်သူလဲမသိဘူး၊ ဖုန်းဆက်တယ်ဗျာ။ ဘာမှန်းလဲမသိဘူး။ဘာမှ လည်းပြောမသွားဘူး။´ဒီလိုပြောလိုက်တော့ သူတို့အထဲက တယောက်က ပြူံးစိစိနဲ့။
ကြည့်ရတာ သူတို့ ကျနော်ကို စ နေသည်ထင်သည်။ ကျနော်လည်းမသိချင်ယောင်ဆောင် ပြီး စားလက်စ ထမင်းကိုဆက်စားနေလိုက်သည်။ မစုမြတ်က စပြီး `ကိုတေဇ. ဒီတပတ်ရုံးပိတ်ရက်အားလား။´ `ဘာဖြစ်လို့လဲ၊ အခုထိတော့ အားနေတုန်းပဲ´ လို့ပြန်ဖြေလိုက်သည်။ သူ့ကြည့်ရတာဒီနေ တစ်မျိုးဖြစ်နေပုံရသည်။ ပိုဆိုးသည်မှာ သူက ကရင်ဆိုတော့ ပိုဆိုးသည်။ ဟန်မဆောင်တတ်သည့် ပုံက သူ့မျက်နှာပေါ်မှာ ထင်နေသည်။ `အားရင် ရုပ်ရှင်သွားကြည့်ကြမယ်လေ။ အခုရုံမှာ တင်တဲ့ ဒွေးကားကြည့်ချင်လို့´။ ပြဿနာပဲ။ အလိုလိုမှ ရီးစားထားမလို့ ကြိုးစားနေတုန်းရှိသေးတယ် သူကတစ်မျိုးဖြစ်ပြန်ပြီ။ ဒီလိုနဲ့ `ကြည့်ကြတာပေါ့၊ ကျနော်အနားနီးရင်ပြန် confirm လုပ်မယ်´ လို့ပြန်ဖြေလိုက်ရသည်။ စိတ်ထဲတွင်တော့ သူ့နေရာမှာ ကျနော်သိတ်တခိုးချစ်နေရတဲ့ ကောင်မလေးသာဆိုလို့ ကတော့ ချက်ချင်းကို အခုသွားကြည့်မှာပဲလိုတွေးနေမိသည်။ ဒါပေမယ့်လဲ သူဘယ်ရောက်လို့ ဘာလုပ်နေသည် မသိပါ။ နောက်ပြီးညက ဖုန်းဆက်တာ သူမဟုတ်ဘူးလားဆိုသည့် အတွေးကလည်းရောက်နေသည်။ ဖြစ်နိုင်ချေရှိသည်မှာ မစုမြတ်ဖြစ်နိုင်သည်။ ဒါပေမယ့်မသေချာ။ မေးလည်းမေးမကြည့်ချင်တော့။
ထမင်းစားပြီး ကျနော်အခန်းထဲကို ရောက်သည်နှင့် ကျနော်လက်များက ကျနော်စားပွဲပေါ်မှာ ရှိတဲ့ဖုန်းခွက် ဆီကို အလိုလိုရောက်ရှိသွားသည်။ သူဆီဖုန်းခေါ်တော့လည်း သူထမင်းသွားစားနေသည်။ ကြည့်ရတာ သူကျနော်ကို စိတ်ဝင်စားပုံမရ။ အခုထိလည်းဖုန်း ပြန်မဆက်သေးဘူး။ မအားလို့ပဲလား။ ဒါမှ မဟုတ် ကျနော်နဲ့ စကားမပြောချင်တော့လို့လား မသိ။ စိတ်ဓာတ်တွေတော်တော်ကျသွားသည်။ ကျနော်ကိုယ် ကျနော်လည်း ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားသည်။ ဖုန်းလည်းထပ်မခေါ်ချင်တော့။ စိတ်ညစ်ညစ်နဲ့ တန်းလန်းဖြစ်နေသော အလုပ်ကိုပြီးအောင် အရင်လုပ်လိုက်ရသည်။
မကြာခင်မှာစားပွဲပေါ်က ဖုန်းကမြည်လာပါသည်။ ကျနော်ကိုင်လိုက်ရာ ရုံးထဲရှိ အခြားဌာနတစ်ခုက အမတစ်ယောက် လှမ်းစခြင်းဖြစ်သည်။ `တေဇ မောင်လေး၊ အမမြင်လိုက်တယ်နော် Canteen မှာ ဟို ကရင်မလေးနဲ့။ အန်တီဆီကို ဖုန်းဆက်ပြောလိုက်ရမှာလား။´ လာပြန်ပြီ။ ဒီလူတွေကလည်း ဘာမှန်းညာမှန်းမသိ ရမ်းသမ်းပြောတဲ့နေရာမှာ နှစ်ယောက်မရှိဘူး။ `ဘယ်ကသာ ဟုတ်ရမှာလည်း အမရယ်.. ကျနော်ကြိုက်တာ ဒီဘဏ်ကမဟုတ်ဘူးလို့´ ချက်ချင်းကို ငြင်းပြစ်လိုက်ရသည်။ သူကထပ်ပြောသေးသည်။ `ကောင်မလေးက ချောတယ်နော်။ ရှယ်ပဲ´တဲ့။ ရှယ်ချင်ရှယ်၊ မရှယ်ချင်နေ၊ ကျနော်ကတော့ ကျနော်မမပဲလို့ ပြောလိုက်တော့မှ ဖုန်းချသွားသည်။ ခက်တာပဲ။ ဘယ်နှစ်ယောက်လောက်ကများ ကျနော် ကို မစုမြတ်နှင့်ထင်နေသည်မသိ။ သူ့ကိုဘယ်လိုမျက်နှာချင်းဆိုင် ရမှန်းတောင်းမသိတော့ဘူး။
ဒီနေဘယ်သွားသွား ရုံးကလူတွေက ကျနော် ကို ပြုံးစိစိလုပ်နေသည်။ ဘာတွေဖြစ်နေမှန်းမသိဘူး။ နောက်ဆုံးကျမှ ကျနော်နဲ့ ညီအကိုလိုခင်တဲ့ အကိုတစ်ယောက်ထံ မှသိလိုက်ရသည်။ `တေဇ က ဒီလိုကွ။ လူတစ်ချို့က မင်း ချောင်းသာ အသွား လမ်းမှ ပုသိမ်က ကောင်မလေးတစ်ယောက် ကိုကြိုက်လာတယ်။ ပြီးတော အခုမြောင်းမြဘဏ် က ၀န်ထမ်းတွေကို မင်းက သင်တန်းပေးရင်နဲ့ သူတို့ နဲ့ ရင်းနှီးတော့ သူတို့ က မင်းကောင်မလေးကို မြောင်းမြဘဏ် က လို့ထင်နေကြတာ။´
ပြဿနာပဲ။ အခုမှ ကောလဟာလ ကို ကိုယ်ထိလက်ရောက် ကြုံလိုက်ရတော့သည်။ တော်တော်ကို စိတ်ရှုပ်သွားမိသည်မှာ အမှန်ပင်။ အလိုလိုမှ ကျနော့် ချစ်တဲ့ မမ နဲ့ အဆက်အသွယ်ပျက် နေခါမှ ဘယ်ကဘာမှန်းမသိတဲ့ သတင်းတွေက၀င်လာသည်။
ညနေ ၅.၃၀ ထိုးပြီ ဆိုတာနဲ့ တပြိုင်ထဲ ရုံးမှ ကားမောင်း၍ ပြန်လာခဲ့ရာ ရုံးဝင်းမှ အထွက် မစုမြတ် တို့အုပ်စု နဲ့တစ်ခါထပ်တွေ့ပြန်ပြီ။ သူက ပြုံး၍ ကျနော်ကိုလှမ်းနှုတ်ဆက်သည်။ ကျနော်ကလည်း ပြန်ပြုံးပြရင်းနဲ့ `မပြန်သေးဘူးလား´ လို့မေးလိုက်မိသည်။ သူက `ပြန်စေချင်ပြီးလား´ လို့ပြန်စလိုက်တော့ ကျနော် ဘာပြန်ပြောရမှန်းမသိအောင် ကျနော်ရဲ့ မျက်နှာ ရဲတက်သွားသည်။ `မဟုတ်ပါဘူး။ ခါတိုင်းဆို အစောကြီးပြန်တတ်လို့ပါလို့´ ပြောပြီး မောင်းထွက်လာခဲ့သည်။
အိမ်ရောက်တာနဲ့ ရေချိုး၊ ထမင်းစားပြီး အိမ်ရှေ့ခန်းမှာ တီဗွီကြည့်ရင် စိတ်ကူးရင်နေမိသည်။ မကြာပါဘူး အိမ်ခန်းထောင့်ရှိ ဖုန်းက အသံမြည်လာသည်။
ဆက်ရန်။