ရန်ကုန်မြို့ ရေကြီးမှုသတင်းနှင့် ဓာတ်ပုံများ။

ရန်ကုန်မှာ နေပူတုန်းကလည်း ချွေးတုတ်တုတ်ရွှဲအောင် နေစရာမရှိ ပူခဲ့ပြီး ကဆုန်လပြည့်နေ့မှာ မိုးအေးလေးတွေလာလို့ ကြည်နူးမယ်ကြံကာရှိသေး မေလ ၄ ရက်နေ့၊ မနက်ကတည်းကနေ တစ်နေ့လုံး၊ တစ်ညလုံး မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုကြောင့် ရေတွေအတော်လွှမ်းမိုးခဲ့ပါတယ်။ အချို့ရပ်ကွက်တွေမှာဆို အချိန်မီလွတ်အောင်မပြောင်းနိုင်ကြပါဘူး။ ဣစ္ဆိတံလမ်းတစ်လျှောက် ပါရမီဘက်မှာဆိုရင် ည ၂ နာရီကတည်းက ခါးလောက်ရေတက်လာလို့ မနက်ပိုင်းမှာ တချို့ကအရေးကြီးပစ္စည်းတွေ ရွှေ့ပြောင်းနေခဲ့ကြတယ်။ ဗဟန်းဇီဝိတဒါနသံဃာ့ဆေးရုံရှေ့မှာလည်း လမ်းတစ်ခြမ်းကိုပိတ်ပြီး မြောင်းရှင်း နေရတယ်။ သုဝဏ္ဏအားကစားရုံရှေ့မှာလည်း ကားတွေဖြတ်ဖို့မလွယ်လို့ ခုံးတံတားပေါ်ကနေလှည့်ပြန်ကြရသလို သုဝဏ္ဏခုံးတံတားအောက်မှာလည်း ရေစီးကောင်းအောင်ဝိုင်းပြီး အမှိုက်ဖယ်နေသူတွေ အများအပြား တွေ့ရပါတယ်။ မြေနီကုန်းဒဂုံစင်တာက ကားပါကင်လို မြေအောက်ခန်းတွေမှာလဲ ရေတွေအပြည့်ဖြစ်ကုန်တာကြောင့် အတော်လေးအလုပ်ရှုပ်ကုန်ကြတယ်လို့သိရပါတယ်။
ကန်တော်ကလေး မြန်မာ့ဂုဏ်ရည်လမ်းတစ်လျှောက်နဲ့ အဲဒီလမ်းနဲ့ဆက်နေတဲ့ လမ်းတွေက အောက်ထပ်အိမ်တွေမှာလဲ ရေတွေအများကြီး ၀င်လာပြီး၊ တိုက်တွေရဲ့ အောက်ဆုံးထပ်တွေမှာ ထားလေ့ရှိတဲ့ ရေစက်မော်တာတွေအကုန် ရေတွေဝင်ကုန်လို့ ဖွင့်ပြီး ရေခြောက်အောင်လုပ်နေကြရပြန်ပါတယ်။ မြေညီထပ်အခန်းတွေဆိုတာ ဆိုင်ခန်းတွေသာများကြတာကြောင့် အတော်လေးအလုပ်ရှုပ်ကြရပါတယ်။ ရွှေပန်းထိမ်ဆိုင်တစ်ချို့ဆိုရင်လဲ အမြတ်တနိုးစုထားကြရတဲ့ ရွှေမှိုက်တွေ ရေထဲပါသွားကုန်ကြတယ်လို့သိရပါတယ်။ ဆန် ဆီ ဆားလိုပစ္စည်းတွေရောင်းတဲ့ဆိုင်တွေလဲ အတော်ဆုံးရှုံးကြရ တယ်လို့သိရပါတယ်။

မြို့ထဲပိုင်းခြောက်မြို့နယ်မှာတော့ ၅-၅-၂၀၀၇ မနက်ပိုင်းမှာပဲ ရေတွေပြန်ကျသွားပြီး၊ တစ်ချို့မြို့နယ်တွေမှာတော့ ရေတွေရှိနေသေးတယ်လို့သိရပါတယ်။ ဆုံးရှုံးမှုတန်ဖိုးနဲ့ လူအထိအခိုက်တွေကိုတော့ ၆-၅-၂၀၀၇ နေ့အထိ တိတိကျကျမသိရသေးပါဘူး။














Source: Popular

No comments: