ခံစားမှုအစ ချောင်းသာက ။

ကျွန်တော်ပြောပြချင်တဲ့ ပုံပြင်လေးတစ်ပုဒ်။ (အပိုင်း ၂)
စိတ်မပါ၊ခန္ဓာကိုယ်ကြီးသာပါလာသော ဤလမ်းခရီးကို ပုသိမ်အလွန်၌ဇက်ကူးအပြီးတွင် ဖုန်များက စ၍နှုတ်ဆက်လိုက်ပါတော့သည်။ တောင်များကိုတက်လိုက်ဆင်းလိုက်နှင့် ကြမ်းတမ်းလှသည့်လမ်းပေါ်တွင် ဆီးဖြူသီးကို စကောထဲ ထည့်လိမ့်သလားအောက်မေ့ရ သည်။ ဒီလိုနဲ့ပဲ နာမည်ကြီးဥတိုချောင်းကိုရောက်လာပါသည်။ တစ်ချို့ကပြောနေကြတယ် ~ဒီချောင်းထဲမှာ မိချောင်းရှိတယ်၊ ရေချိုရေငန်စပ် မိချောင်း~။ အလိုလိုမှ ရေကြောက်ပါသည် ဆိုမှ ဖြဲခြောက်နေသည့်အလား။ ပို၍ဆိုးသည်မှာ ကျွန်တော်တို့သွားသည့်အချိန်တွင် ဥတိုချောင်းတံတားမှာအဟောင်းသာရှိသေးသည်။ အသစ်မှာ အခုမှ စ၍ဆောက်ဖို့ပြင်ဆင်နေချိန်။
တံတားမှာ အလွန်ကြောက်ဖို့ကောင်းပါသည်။ ခရီးသည်များမှာ မိမိဘာသာဆင်းလျှောက်ရသည်အထိအခြေအနေဆိုးလှပါသည်။ ဖြတ်လျှောက်နေတုန်း ပြုတ်သာကျလိုက်လို့ကတော့။ သွားပြီ။ ဟိုဘက်ကမ်းရောက်မှသာ သက်ပြင်းချနိုင်တော့သည်။
နောက်ဆုံးတွင်တော့ တောင်ကုန်းအမြင့်ကြီးကိုအကျော်တွင် ငှက်ပျော်ပင်များ၊ အုန်းပင်များကို ဘေးဘက်ဝဲယာတွင်စတွေ့ပြီ၊ ကားအရှေ့ဘက်တွင် တော့ အဆုံးသတ်ကိုမမြင်နိုင်တဲ့ အပြာရောင် ပင်လယ်ကြီး ကန့်လန့်ကြီးဆီးကြိုနေပါတော့တယ်။
ကျွန်တော့်တို့အဖွဲ့ဟာ ရန်ကုန်မှာကတည်းက ကြိုတင်မှာကြားထားသော AMBO ဟိုတယ်တွင်ဆင်းနေခဲ့ကြပါသည်။
~သြော် ဒီနေ့ဟာအရမ်းကိုသာယာနေတဲ့နေ့ပါလား၊ ချစ်စရာကောင်းတဲ့လှပတဲ့မိန်းကလေးတစ်ယောက်ရယ်၊ ပင်ပန်းမှုတွေဖယ်ရှားပေးနိုင်ပြီး လန်ဆန်းမှုတွေအပြည့်ပေးနိုင်တဲ့ ဒီ အပြာရောင်ပင်လယ်ကြီးကို မြင်တွေ့ခွင့်ရခဲ့လို့ပါ။
ဒီပင်လယ်ပြင်ကျယ်ကြီးရဲ့သောင်ပြင်တွေမှာ စောစောကတွေ့ခဲ့ရတဲ့ကောင်မလေးနဲ့ လက်ကလေးကိုင်ပြီး ဘယ်တော့မှ လမ်းလျှောက်ခွင့်ရပါမလဲ၊ တတ်နိုင်ရင် ဒီကောင်မလေးလက်ကိုကိုင်ပြီး ဘ၀တစ်ခုလုံးအတွက်တောင်လျှောက်ပြစ်ချင်တာ
ကောင်မလေးကတော့သိမှာမဟုတ်ဘူး။ အခုလောက်ဆို သူရဲ့ မိဘ၊ မောင်နှမ သူငယ်ချင်းများနဲ့ ဒါမှမဟုတ်သူ့မှာချစ်သူရှိရင် သူ့ချစ်သူနဲ့ပျော်နေရှာလောက်ပြီ~
မခံစားတတ်တဲ့ အသည်းဟာလည်းအခုအချိန်မှာတော့ ခံစားမှုအပြည့်။တိုက်ဆိုင်တယ်လို့ ဘဲပြောရမလားမသိ။ ဒီအပြောကျယ်တဲ့ပင်လယ်ပြင်ကြီးကိုစတွေ့တဲ့အချိန်ကျမှ ကောင်မလေးတစ်ယောက်အတွက် စ ခံစားတတ်လာလို့ပါ။
ဒီနေ့ဆိုရင်ရန်ကုန်ပြန်ရတော့မယ်။ ပစ္စည်းများသိမ်းဆည်းပြီး လာခေါ်မည့်ကားကိုစောင့်ရင်း သူငယ်ချင်းများနှင့်စကားပြောဖြစ်ပါသည်။ သူတို့တွေက ပုသိမ်ဝင်၍ထမင်းစားပြီး ဘုရားဖူးဦးမည်ဟုပြောသည်။ ကျွန်တော့်အဖိုးမှာ သူငယ်စဉ်က ပုသိမ်ထောင်တွင်ဆရာဝန်အဖြစ်တာဝန်အတော်ကြာယူခဲ့ဘူးပြီးမိတ်ဆွေအများရှိပါသည်။ ဒါ့ကြောင့် ကျွန်တော်မိဘဖြစ်သူကလည်း ရောက်တုံးလေ ၀င်ရောက်လည်ပတ်ချင်ပုံရသည်။
လူတိုင်းကိုယ်စီမှာစိတ်ကူးကိုယ်စီနှင့် ကျွန်တော်တစ်ယောက်အပါအ၀င်ပေါ့။ ပျောက်သွားတဲ့ကောင်မလေးကိုများ တနေရာရာမှာတွေ့လို တွေ့ငြား နဲ့ ဟိုဝင်ဒီထွက် ဈေးဝယ်ထွက်ရင်းနဲ့ရှာကြည့်မိပါသည်။ သူငယ်ချင်းတစ်ယောက် က ~ ကောက်ရိုးပုံထဲ အပ်ကျတာကမှ ရှာရလွယ်အုံးမယ်၊ မင်းရှာမနေပါနဲ့တော့ကွာ~ တဲ့။ တော်တော်အားပေးတယ်။
~ ရန်ကုန်သို့ကားထွက်တော့မယ်၊ ခရီးသည်များကားပေါ်တက်ကြပါ~ ကားစပယ်ရာ၏ အော်သံကြောင့် နောက်ဆုံးတော့ ကျွန်တော်လက်ရှော့လိုက်ရပါတော့သည်။
ကားက စထွက်ပါပြီ။ စိတ်ထဲတွင် ငိုခြင်သလို၊စိတ်ညစ်သလိုနှင့် ကားပေါ်တွင်ကျွန်တော်အဖေ့ ဘေး၌ထိုင်ကာပါလာခဲ့ပြီး ကားမှာ ဟိုဝင်ဒီထွက်နဲ့ လူများကိုဝင်ကြိုနေပါသည်။ တနေရာအရောက်တွင်တော့ ~ မ……~ မ……~ လို့ ကားစပယ်ရာထံမှာ အော်ခေါ်သံကြားလိုက်ရပါတော့တယ်။ အိုး… တိုက်ဆိုင်တာလား၊ မြတ်စွာဘုရားကပဲ ဖန်တီးပေးလိုက်တာလားမသိ။

ဆက်ရန်။ ။

No comments: