ဆီးဂိမ်းပြိုင်ပွဲကို မြန်မာ့မြေပေါ်မှာ ဘယ်အချိန်ပြန်တွေ့နိုင်မလဲ။
ဒီဇင်ဘာလအတွင်းမှာ ကျင်းပတော့ မယ့် ၂၀၀၇ ထိုင်းနိုင်ငံ(ဘန်ကောက်) ဆီးဂိမ်းဟာ မြန်မာ့အားကစားကို တစ်ကျော့ပြန် ဆန်းစစ်တာမှန်ပေမယ့် အခုအချိန်မှာ စိတ်ဝင်စားတာကတော့ အဲဒီလို တစ်ကျော့ပြန်ဆန်းစစ်လို့ ရလာမယ့်ရလဒ်တွေ မဟုတ်သေးဘဲ မြန်မာပြည်အနေနဲ့ ဘယ်တော့မှ ဒီလို ဒေသအတွင်း အကြီးဆုံးပြိုင်ပွဲ ဖြစ်တဲ့ ဆီးဂိမ်းကို ဘယ်တော့ လက်ခံကျင်းပ နိုင်မလဲဆိုတာပါပဲ။
အကြောင်းကတော့ ရှင်းပါတယ်။ အရှေ့တောင်အာရှပြိုင်ပွဲတွေ လက်ခံ ကျင်းပပေးတဲ့နိုင်ငံတွေဟာ ဆုတံဆိပ် ရရှိမှုမှာလည်း ထိပ်ဆုံးမှာရပ်တည်နေ တာကြောင့် နိုင်ငံရဲ့အားကစားကဏ္ဍ တစ်ရပ်ကို ထဲထဲဝင်ဝင်ဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ပြောပါဆိုရင် ဒီလိုမျိုး ဒေသတွင်းပြိုင်ပွဲကြီးတွေကို လက်ခံကျင်းပပေးဖို့ပါပဲ။
ဒီ ၂၀၀၇ ပြိုင်ပွဲပြီးသွားရင်လည်း ၂၀၀၉ ပြိုင်ပွဲကို လာအိုက ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း၊ အကယ်၍ လာအိုက မကျင်းပနိုင်ခဲ့ရင် စင်ကာပူက လက်ခံကျင်းမယ်ဆိုတာရယ်၊ ပြီးတော့ ၂၀၁၁ ပြိုင်ပွဲကို အင်ဒိုနီးရှားက လက်ခံကျင်းပဦးမယ်၊ ၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲကိုတော့ စင်ကာပူက လက်ခံ ကျင်းပပေးဦးမယ် ဆိုတာတွေဟာ မြန်မာနိုင်ငံအနေနဲ့ကလည်း ပြိုင်ပွဲတွေ အရင်လို ပြန်လည်ကျင်းပပေးဖို့ လိုအပ်လာပြီဆိုတာ ထောက်ပြ နေသလိုပါပဲ။
တကယ်တော့ ဒီအရှေ့တောင်အာရှ ပြိုင်ပွဲကြီးဟာ မြန်မာပြည်နဲ့စခဲ့တာဆို မမှားနိုင်တာ သေချာပါတယ်။ ဒုတိယ အကြိမ်ဆီးဂိမ်း (ယခင်ကျွန်းဆွယ်) ပြိုင်ပွဲကြီးကို ၁၉၆၁ ခုနှစ်၊ ရန်ကုန် မြို့မှာ ကျင်းပခဲ့စဉ်က မြန်မာဟာ ရွှေ ၃၅၊ ငွေ ၂၆ နဲ့ ကြေး ၄၃ ခုရယူပြီး နိုင်ငံအလိုက် ပထမရရှိခဲ့တာတွေနဲ့ ၁၉၆၉ (၅) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကိုလည်း ရန်ကုန်မြို့မှာ လက်ခံကျင်းပ ခဲ့စဉ်က မြန်မာက ရွှေ ၅၇၊ ငွေ ၄၆၊ ကြေး ၄၆ ခုရရှိခဲ့ပြီး ပထမအဆင့်ကို ထပ်မံရရှိခဲ့တာတွေဟာ နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်ရှိန်ကိုမြင့်မားစေခဲ့တဲ့ သမိုင်း မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။
~အဲဒီတုန်းကတော့ ရန်ကုန်မှာ ခြိမ့်ခြိမ့်သဲသဲပဲပေါ့။ ဘောလုံးဆို ရွှေရတယ်။ ကျွမ်းဘားက မြင့်အောင် ဆိုရင် ထူးထူးခြားခြား ရွေငါးခုတောင် ရတယ်။ လက်ဝှေ့မှာလည်း ရွှေတံဆိပ် ရှစ်ခုနဲ့ ရွှေအကုန်လုံးနီးပါး သိမ်းယူနိုင် ခဲ့တယ်။ အဲဒီလက်ဝှေ့ပွဲတွေကို သမိုင်း တက္ကသိုလ်ဝင်းအတွင်းက အားကစားရုံ သစ်ကြီးမှာ မြန်မာ့လက်ဝှေ့ ကျော်တွေ မော်ကွန်းထိုးနိုင်ခဲ့တယ်။ နောက် အလေးမ၊ ပြေးခုန်ပစ်နဲ့ ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲတွေမှာ လည်း ရွှေတံဆိပ်တွေ တစ်သီကြီးရယူ နိုင်ခဲ့တယ်။ ပြိုင်ပွဲတိုင်းမှာလည်း မြန်မာ အားကစား ပရိသတ်တွေဟာ ရုံအပြည့်၊ ကွင်းအပြည့် အားပေးကြတာ တကယ့်ကို အားရစရာကြီးပါပဲ~ ။တံခွန်အားကစားဂျာနယ်မှ ဦးထွန်းထွန်းလင်းက ၁၉၆၉ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းအတွေ့အကြုံ များကို ပြန်လည်ပြောပြပါတယ်။ ဒီသမိုင်းမှတ်တမ်းတွေဟာ တစ်ကျော့ပြန် ပြန်လည်ကျင်းပနိုင်ရေးကို အားပေး အားမြှောက်ပြုနေတဲ့ အင်အားတွေပါပဲ။ အခုခေတ်မှာတော့ ဒီပြိုင်ပွဲတွေရဲ့ နောက်မှာ ထက်ကြပ် မကွာကပ်လိုက် နေတဲ့ စီးပွားရေးရလဒ် ကောင်းဖြစ်တဲ့ နိုင်ငံခရီးသွားလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေအပြင် ကိုယ့်ယဉ်ကျေး မှုကို ကိုယ်အိမ်မှာကို ခေါ်ပြသခွင့်ရတဲ့ အခွင့်အရေးတွေကြောင့် ပြိုင်ပွဲတွေကို ပိုမို ကျင်းပချင်လာကြပါတယ်။
ဒါပေမယ့် ဒီလိုပြိုင်ပွဲတွေ လက်ခံကျင်းပဖို့ကလည်း အားကစားကွင်းနဲ့ အခြားအားကစားဆိုင်ရာ အသုံး အဆောင်ပစ္စည်းတွေကို နိုင်ငံတကာ အဆင့်မီစေရမှာ သေချာတာကြောင့် နိုင်ငံ့အားကစားလောကကို တစ်ဆင့် ပြန်မြှင့်တင်ရာလည်း ရောက်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လက်ရှိ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ လက်ခံကျင်းပ မယ်ဆိုရင် အားကစားကွင်း သုံးကွင်းရှိ ပါတယ်။ သုဝဏ္ဏဘောလုံးပြိုင်ကွင်း၊ အောင်ဆန်းကွင်းနဲ့ မန္တလေးက မကြာမီက ပြုပြင်ထားတဲ့ ဗထူး အားကစား ပြိုင်ကွင်းတွေပဲ ဖြစ်တယ်။
လက်ရှိအခြေအနေအရ ထိုင်းက ဆီးဂိမ်းကို ခြောက်ကြိမ်၊ မလေးရှားက ငါးကြိမ်၊ စင်ကာပူနှင့် အင်ဒိုနီးရှားက လေးကြိမ်စီ၊ ဖိလစ်ပိုင်က သုံးကြိမ်၊ မြန်မာက နှစ်ကြိမ်၊ ဘရူနိုင်းနဲ့ဗီယက်နမ်က တစ်ကြိမ်စီ၊ လာအိုက လာမယ့် ပြိုင်ပွဲထည့်တွက်ရင် တစ်ကြိမ်နဲ့ ကမ္ဘောဒီးယားကလည်း ပြိုင်ပွဲကျင်းပဖို့ လုပ်ဆောင်နေတာတွေဟာ မြန်မာ နိုင်ငံအတွက်လည်း ပြန်လည်ကျင်းပဖို့ တွန်းအားပေးရာ ရောက်နေပါတယ်။
ဘာပဲပြောပြော မြန်မာနိုင်ငံအနေနဲ့ လက်ခံကျင်းပဖို့ ပြင်ဆင်နေပြီဆိုတာ တောင် ၂၀၁၅ ခုနှစ်အထိတော့ စောင့်ရမှာ သေချာပါတယ်။ ဒါပေမယ့် ၂၀၁၇၊ ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွေကို မြန်မာ့မြေ၊ မြန်မာပရိသတ်ရှေ့မှာ ပြန်လည်ကျင်းပနိုင်မယ်၊ မကျင်းပ နိုင်ဘူးဆိုတာကိုတော့ မြန်မာတစ်နိုင်ငံ လုံးက အားကစားချစ်သူတွေစောင့်မျှော် နေကြမှာပါပဲ။
Source: Myanmar Time
No comments:
Post a Comment