AIDS ကာကွယ်ဆေးတစ်မျိုးထွက်လာ

HIV ဝေဒနာသည်များ အသက်ပိုကြာရှည်နေနိုင်မည့် AIDS ရောဂါကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဖိုင်ဇာဆေးဝါးထုတ်လုပ်ရေးကုမ္မဏီကြီးက ထုတ်ဖေါ်ပြောကြားခဲ့သည်။ နှစ်စဉ်ကျင်းပသော ချီကာဂိုဆေးဖက်ဆိုင်ရာကွန်ဖရင့်တွင် ဖိုင်ဇာဆေးကုမ္မဏီကြီးက ၁၀နှစ်အတွင်း ပထမဦးဆုံး HIV ရောဂါအတွက် သောက်ဆေးတစ်မျိုးဖြစ်သော Selzentry နှင့် ပတ်သက်၍ ထုတ်ဖေါ်တင်ပြခဲ့သည်။

အဆိုပါ ဆေးကို ၄၈ ပတ်ကြာ လူနာများနှင့် စမ်းသပ်ခဲ့ရာ သာမန်ကုသမှုများနှင့် နှိုင်းယှဉ်ပါက HIV ရောဂါပိုးများကို သုံးဆပို၍ ကာကွယ်တားဆီးထားနိုင်သည်ဟုဆိုသည်။

အမေရိကန်အစားအစာနှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့ FDA က ၎င်းSelzentry ကို ဩဂုတ်လက အတည်ပြုပေးခဲ့သည်။

၎င်းဆေးသည် ခန္ဓာကိုယ်၏ T-Cell များတွင်းသို့ HIV ဗိုင်းရပ်စ်များ မ၀င်ရောက်အောင် တားဆီးပေးနိုင်ကြောင်း ကာလီဖိုးနီးယားတက္ကသိုလ် Quest Clinical Research မှ ဒါရိုက်တာ ဂျက်ကော့လေဇာနီက ပြောကြားခဲ့သည်။

သို့သော်လည်း ၎င်းဆေးသည် HIV ရောဂါပိုးကို ပျောက်ကင်းအောင် သို့မဟုတ် အခြားလူတစ်ဦးကို မကူးစက်အောင် ကုသမပေးနိုင်ကြောင်း ကုမ္မဏီကပြောသည်။ ဘေးထွက်ဆိုးကျိုးမှာလည်း အခြား HIV ဆေးများကဲ့သို့ပင်ဖြစ်သည်။

၎င်းဆေးဝါးရောင်းချမှုမှသည် ဖိုင်ဇာကုမ္မဏီအနေနှင့် ၂၀၁၁ ခုနှစ်အရောက်တွင် နှစ်စဉ်ဒေါ်လာသန်း ၅၀၀ ရရှိစေနိုင်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ကုမ္မဏီက ကမ္ဘာအနှံ့ဖြန့်ချီရန် ခွင့်ပြုချက်တောင်းထားသည်။

Source : Phatpa

No comments: